သောကြာနေ့ ည ၉ နာရီခွဲက မင်္ဂလာမန်းနေပြည်တော် (ဆိုင်းတန်း) မှာ ရွှေကြာကားကိုသွားကြည့်ဖြစ်ခဲ့ပါတယ်။ အစက Review မရေးဘဲနေတော့ မလို့ပဲ . . .။ ဒါပေမယ့် ရေးချင်လာလို့ ရေးပေးလိုက်ပါတယ်။ အားသာချက် အားနည်းချက်တွေအများကြီးရှိတဲ့အထဲမှာ အရင်ဆုံး အားသာချက်ကို ပြောပြပါရစေ။ ပထမဆုံးပြောချင်တာက သရုပ်ဆောင်ပိုင်းပါ။ ဖွေးဖွေးဟာ သရုပ်ဆောင်ပိုင်းမှာ အခြားရုပ်ရှင်တွေထက်စာရင် ပိုပြီးကောင်းလာတယ်လို့ ခံစားရသလို လုပ်ကွက်တစ်ခုချင်းစီကို ပီပီပြင်ပြင်လုပ်သွားနိုင်ခဲ့ပါတယ်။ အချို့အခန်းအနည်းငယ်မှာတော့ over ဖြစ်နေတာလေးကိုတွေ့မိရပါသေးတယ်။ နောက်တစ်ခုထပ်ပြီး အားသာချက်ကို ပြောချင်တာက နောက်ခံတေးဂီတပါ . .။ ဒီရုပ်ရှင်မှာ နောက်ခံတေးဂီတနဲ့ သရုပ်ဆောင်ကောင်းမှုတို့ ပေါင်းစပ်မှုကြောင့်သာ ဇာတ်လမ်းအစမှအဆုံးထိ ပရိသတ်ကို ဆွဲခေါ်သွားနိုင်ခဲ့တာပါ။ အားသာချက်အနေနဲ့ နောက်ထပ် ချီးကျူးချင်တာကတော့ ပြည့်တန်ဆာတွေရဲ့ life style နဲ့ ဝတ်စားဆင်ယင်မှုအပိုင်းပါ။ သူတို့တွေ ဖောက်သည်ရှာချိန်မှာ ပြင်ဆင်ဝတ်စားတဲ့ပုံစံလည်း make up တွေ တအား over မဖြစ်ဘဲကွက်တိဖြစ်နေသလို သူတို့ရဲ့ အိမ်တွင်းနေထိုင်ဝတ်စားတဲ့ ပုံစံတွေဟာ အပြင်လောကနဲ့တစ်ထပ်တည်းပါ။ လုံးဝတစ်ထပ်တည်းကျနေလို့ တကယ်ချီးကျူးမိပါတယ်။ မျက်စိထဲမှာ သရုပ်ဆောင်နေတာလို့တောင် မမြင်မိဘဲ တကယ့်ပြည့်တန်ဆာတွေရဲ့ ဘဝကို မြင်နေရတာလို့တောင်ထင်မြင်မိလာစေပါတယ်။ အဓိက သရုပ်ဆောင်ပိုင်းနဲ့ နောက်ခံတေးဂီတပိုင်းကပဲ ပရိသတ်ကို ဇာတ်သိမ်းထိ ဆွဲခေါ်သွားတယ်လို့ပဲထင်ပါတယ်။ ဝတ္ထုဖတ်စဉ်က မင်းသမီးနေရာကို ဖွေးဖွေး မင်းသားနေရာမှာ အလင်းရောင်အဖြစ် စိတ်ကူးယဉ်ကြည့်ခဲ့ဖူးသလို ရွှေကြာအလုပ်လုပ်တဲ့ ဟိုတယ်အောက်ကဘားကိုလည်း ဆီဒိုးနားအောက်ကဘားလို့ စိတ်ကူးယဉ်ကြည့်မိဖူးပါတယ်။ ဒါလေးနဲ့လည်း တကယ်ထပ်တူကျနေလို့ ထပ်တူကျအောင်ရိုက်ပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။
အားနည်းချက်ကိုပြောမယ်ဆိုရင် plot ကနေစပြောပါရစေ။ ကျွန်တော်က ရုပ်ရှင်တစ်ခုကြည့်ရင် ဇာတ်လမ်း plot ကိုသေချာအမြဲသတိထားပြီးကြည့်တာကြောင့် plot မှာအားနည်းချက်တွေရှိနေတယ်လို့ပြောပါရစေ။ ဇာတ်ဝင်ခန်းတစ်ခန်းပြီးတစ်ခန်း စိတ်ဝင်စားဖွယ်ရာ ဆွဲခေါ်သွားပေမယ့် ဇာတ်လမ်းအစအဆုံး plot ကိုခြုံကြည့်ရင် ဇာတ်ဝင်ခန်းတွေဟာ ပြန့်ကျဲနေပါတယ်။ အတိတ်နဲ့ပစ္စုပ္ပန်ကို စီထားတဲ့နေရာမှာ ဇာတ်အိမ်တစ်ခုဖြစ်ဖို့ လုံလောက်တယ်ဆိုတဲ့ plot ကိုမတွေ့ရပါဘူး။ ဆရာမပုညခင်ရဲ့ အရှေ့တံခါးအဝင် ဝတ္ထုမှာဆိုရင်တော့ ရွှေကြာဟာ ပြည့်တန်ဆာဘဝမှ လွတ်မြောက်လိုတာအပြင် ငယ်စဉ်ကတည်းက ဖြစ်ခဲ့တဲ့ ခမ်းနားလွန်းလှတဲ့ဟိုတယ်မှာ အလုပ်လုပ်လိုတယ်ဆိုတဲ့ဆန္ဒ ထိုမှသည်တစ်ဆင့် လူပီသတယ်လို့သတ်မှတ်ခံရသောလူတွေသာဝင်ရတဲ့ အရှေ့တံခါးကဝင်လိုသော ဆန္ဒဖြစ်ပေါ်လာကာ ထိုဆန္ဒလေးအတိုင်း နောက်ဆုံး ဖြစ်သွားပုံကို ဖော်ကျူးရင်း ကြားထဲက ဇာတ်အိမ်အပြောင်းအလဲတွေကြားမှာ ပြည့်တန်ဆာတွေရဲ့ ဘဝကို ပေါ်လွင်အောင်ဖော်ကျူးထားခဲ့တာပါ။ ဒါပေမယ့် အခုရုပ်ရှင်မှာ ဇာတ်လမ်းရဲ့ အဓိက ရည်ရွယ်ချက်ပျောက်နေပြီး ကြားထဲက အလှည့်အပြောင်းတွေကိုပဲ တစ်ကွက်ပြီးတစ်ကွက် ရိုက်ပြထားသလိုပဲခံစားလာရပါတယ်။ အဆိုးဆုံးကတော့ ရွှေကြာနဲ့ သတိုးတို့ရဲ့ ငယ်ဘဝကို ဇာတ်သိမ်းခန်းမှ ပြလိုက်ခြင်းပါ။ ဝတ္ထုမဖတ်ရသေးတဲ့သူတစ်ယောက်အနေနဲ့ဆိုရင် နောက်ဆုံးမှ ဖြစ်သလို ကောက်ပြီးဇာတ်သိမ်းလိုက်ရတဲ့ပုံစံပေါက်နေပါတယ်။ ရုပ်ရှင်လို့ဆိုပေမယ့် ဇာတ်အိမ်ဟာ လုံးဝ ပြန့်ကျဲထွက်ကုန်ပြီး ရည်ရွယ်ချက်မဲ့ အလှည့်အပြောင်းတွေကို လူစိတ်ဝင်စားအောင် ရိုက်ရင်း ပြသချိန် ၂ နာရီကြာတော့မှ ဖြစ်သလို ဇာတ်သိမ်းသွားတဲ့ပုံစံမျိုးဖြစ်လို့နေပါတယ်။ နောက်တစ်ခုက ဇာတ်လမ်းထဲမှာ ပြောတဲ့စကားတွေမှာ "ဖာသည်"ဆိုတဲ့စကားလုံးတွေအရမ်းထပ်လွန်းနေပါတယ်။ သဘာဝကျကျ သုံးနှုန်းထားတာနားလည်ပေမယ့် လိုတာထပ်ပိုများတဲ့ အကြိမ်ရေမျိုးသုံးနှုန်းထားတာမျိုးတွေ့ရပါတယ်။ နောက်တစ်ခုတွေ့မိတာက ဖွေးဖွေးနဲ့သင်ဇာဝင့်ကျော် စားသောက်ဆိုင်မှာထိုင်နေတုန်း လူတစ်ယောက်ဝင်လာပြီး သူ့ကို ၇ ညလောက်ဆက်တိုက် ခေါ်ချတဲ့အကြောင်းကို ပြောတဲ့ဇာတ်ဝင်ခန်းပါ။ ကိုယ်နဲ့ဆက်ဆံဖူးတဲ့ ပြည့်တန်ဆာကို လမ်းမှာနှုတ်ဆက်တာမျိုးဖြစ်နိုင်ပေမယ့် အတိတ်ကအကြောင်းတွေထိpublic area အထိဖွင့်ချတာမျိုးက သဘာဝမကျသလိုဖြစ်နေပါတယ်။ နောက်ပြီး Theme Song နှစ်ပုဒ် မှာ ဖွေးဖွေးအသည်းကွဲတဲ့အချိန်မှာ ဖွင့်တဲ့ ဖြူဖြူကျော်သိန်းသီချင်းက သူ့ရဲ့ ဇာတ်ကို အနည်းငယ်ပံ့ပိုးပေးနိုင်ပေမယ့် ပထမtheme song က ဘာကြောင့်သုံးလို့သုံးထားမှန်းမသိရပါဘူး။ ပိုစတာမှာလည်း ဘရာဇီယာလေးထားထားတာက ကြည့်ရတာတစ်မျိုးဖြစ်နေပါတယ်။ နောက်ပြီး ဘရာဇီယာဆိုဒ်က ရွှေကြာထက် သိသိသာသာ သေးနေသလို ခံစားမိရပါတယ်။
အားလုံးကို ခြုံငုံပြောရရင်plot အပိုင်းမှာ အများကြီးအားနည်းသွားပါတယ်။ ဒါပေမယ့် သရုပ်ဆောင်ကောင်းမှု၊ အပြင်အဆင်၊ ဆက်တင် နဲ့ နောက်ခံတေးဂီတကောင်းမှုကြောင့်သာ ပရိသတ်အားပေးမှုနဲ့ အချို့ရဲ့ ဇာတ်ကားကောင်းအဖြစ် သတ်မှတ်မှုကို ရရှိစေတာပဲဖြစ်ပါတယ်။ အကယ်ဒမီမှန်းမယ်ဆိုရင်တော့ ဖွေးဖွေးရဲ့ သရုပ်ဆောင်မှုတစ်ခုတည်းသာ မှန်းသင့်တဲ့ ကားတစ်ကားပဲဖြစ်ပါကြောင်း။
@AuroKarshine